မြန်မာနိုင်ငံမှာ ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်း အဝေးတွေကို အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ မဟုတ်ဘူးလို့ NLD က အတည်ပြု ပြောကြား လိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး NLD က တောင်းဆိုထားတဲ့ အတိုင်း ပြင်ဆင်မှု မရှိသေးတဲ့ အတွက်ကြောင့် အခုလို မတက်ရောက် ခြင်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို 'ကာကွယ်စောင့်ရှောက်'ပါမည် ဆိုတဲ့ စကားလုံး အစား 'လေးစားလိုက်နာ' ပါမည် ဆိုတဲ့ စကားနဲ့ အစားထိုး ပြီးမှသာ NLD အမတ်တွေ အနေနဲ့ ကျမ်းကျိန် နိုင်မှာ ဖြစ်တယ်လို့ NLD အမတ် တစ်ဉီးဖြစ်တဲ့ ဦးအုံးကြိုင်က ပြောပါတယ်။
NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ အခုလို အခက်အခဲ ဖြစ်နေတဲ့ အတွက် ဥပဒေအကြံပြု စာတစ်စောင်ကို NLD ကနေ တာဝန်ရှိသူတွေကို ထပ်မံ ပေးပို့ထားတယ်လို့ သိရပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမတ်တွေကိုလည်း သီးခြား ညွှန်ကြား ထားတာ မရှိကြောင်းနဲ့ ပျက်ကွက်မယ့် အကြောင်းကို လွှတ်တော်ဆီ အကြောင်း ကြားတာလည်း မရှိဘူးလို့ ဦးအုံးကြိုင်က ပြောပါတယ်။
ဒီလို မတက်ဖြစ်တာကို မဲဆန္ဒရှင် လူထုတွေလည်း နားလည်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။
BBC Burmese
Comments