တိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ကျန်တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ တပြေးညီ လစာနဲ့အဆောင်အယောင် ခံစားဖို့ ဆုံးဖြတ်ပြီး ဖြစ်ပေမယ့် လက်ဝယ်ရဖို့အတွက် ဥပဒေတချို့ကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဟာ ကျန်တဲ့ ဝန်ကြီးတွေလို တန်းတူဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ပေမယ့် လစာစံစားရခြင်း မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
“မရသေးဘူး၊ ခုံရုံးရဲ့ဥပဒေမှာ ပါတာက ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို အပြီးသတ် အစီအစဉ်၊ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို အနီးစပ်ဆုံး နိုင်ငံတော် ပြန်တမ်းမှာ ထည့်ရမယ်။ ပြီးရင် ခုံရုံးရဲ့ဆုံးဖြတ်ချက်က တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းအားလုံး တနံတလျား အာဏာ သက်ရောက်တယ်။ အားလုံးက လိုက်နာရမယ်လို့ပါတယ်။ လုပ်ပေးဖို့က အဲဒီအဖွဲ့ရဲ့တာဝန်ပေါ့။ သက်ဆိုင်ရာတွေရဲ့တာဝန်။”
အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ခုံရုံးက ဆုံးဖြတ်တာ မှန်ပေမယ့် လုပ်ရမယ့် အဆင့်တွေ ကျန်နေသေးသလို့ အခုလတ်တလောမှာ လွှတ်တော်ရပ်နားထားတာကြောင့် မလုပ်နိုင်သေးတာလို့ ပြောပါတယ်။
“ဒီလွှတ်တော်ပြန်စတော့မှ အဲဒီဥပဒေကို ပြင်ပေးရဦးမယ်။ ခံစားခွင့်တွေက တပြေးညီဖြစ်တယ်လို့ တချို့ပုဒ်မတွေကို ဖြုတ်ပစ်ရမှာ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးဆိုတာ ခံစားခွင့်က တမျိုးပဲဖြစ်ရမှာ။ ၂ မျိုးဖြစ်နေတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးက တခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးက တခုပေါ့။ ဆိုလိုတဲ့သဘောက ဥပမာ – တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးသည် ချီးမြှင့်ငွေ သိန်း ၂၀ ပေါ့။ တိုင်းရင်းသားဝန်ကြီးက ၁၀ သိန်း၊ မော်တော်ယာဉ်ဆိုလည်း ၂ စီး၊ အဲလိုတွေဖြစ်နေတာကို နောက်က ဥပဒေပုဒ်မတွေကို ဥပဒေကို ပြင်ဆင်ချက်အနေနဲ့ ပြင်ပေးရမယ်။ အဲဒါကို ဖျက်ချလိုက်တဲ့အခါကျတော့မှ ဥပဒေအသစ်မှာကျရင် တပြေးညီဖြစ်သွားမယ်။”
၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ဝန်ကြီးအမည်ခံထားပေမယ့် ကျန်ဝန်ကြီးတွေနဲ့မတူ လစာအဆောင်အယောင်မတူ နှိမ့်ချခံထားရပြီး အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း တက်ခွင့်မရှိ ဖြစ်နေပါတယ်။
အခု လစာအဆောင်အယောင်ရဖို့ သေချာသလောက်ရှိနေပြီး အစိုးရ အဖွဲ့အတွင်း တိုင်းရင်းသားဝန်ကြီးတွေ ကက်ဘိနက်ထဲ တာဝန်အရပါအောင် လွှတ်တော်မှာ ဆက်တင်သွားမယ်လို့ ဦးဆောင်ကြိုးပမ်းသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒီအချက်နဲ့ပတ်သက်လို့ ဒေါက်တာ မြတ်ဥာဏစိုးက ဥပဒေအရ လွှတ်တော်အမတ်တွေက ဆောင်ရွက်ဖို့ တည်ဆဲဥပဒေတွေအရ မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ခြေတခုတော့ ရှိတယ်လို့ ပြောပါတယ်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေဆိုတာ မရှိဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေဆိုတာပဲရှိတာ။ ဒါကတော့ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေက ချီးမြှင့်ငွေ၊ ခံစားခွင့် အကုန်လုံးလည်း တပြေးညီဖြစ်သွားပြီ။ ဒီလိုမျိုး ခွဲခြားဆက်ဆံတာက ဥပဒေနဲ့လည်း မညီညွတ်ဘူးဆိုတာလည်း ဆုံးဖြတ်ပြီးပြီဆိုတဲ့အခါကျတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကနေ နောင်ကျင်းပမယ့် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ ဖိတ်ကြားပြီးတော့ လုပ်ရတော့မှာပဲ။ အဲဒါကို သီးခြားထုတ်ဖို့ဆိုတာတော့ ကျနော်တို့ လွှတ်တော်ဘက်ကတော့ ဥပဒေပြဋ္ဌာန်းသတ်မှတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီဘက်ကတော့ ထုတ်ပေးဖို့ရှိမှာမဟုတ်ဘူး။ သမ္မတရုံးကပဲ ဒါကိုအမိန့်ကြေညာစာ သတ်သတ်ထုတ်ပေးမလား။ အဲဒါတော့ ကျနော်တို့ မပြောတတ်ဘူး။”
တနိုင်ငံလုံးမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးရှိပြီး ကျန်ပြည်နယ်ဝန်ကြီးက လစာ ၄ သိန်းခွဲမှာ သူတို့က ၃ သိန်းခွဲ၊ ကျန်ပြည်နယ် တိုင်းဝန်ကြီးက ကား ၂ စီးမှာ သူတို့က ၁ စီးရကြပါတယ်။ ပြည်နယ်နှင့်တိုင်းဝန်ကြီးက ကိုယ်ရေးအရာရှိ၊ တယ်လီဖုန်း၊ အိမ် စတဲ့ အဆောင် အယောင်တွေ ရှိပြီး အစိုးရအဖွဲ့ အစည်းအဝေး တက်ခွင့်ရပေမယ့် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေက အဆောင်အယောင်လည်း မရသလို အစည်းအဝေးလည်း တက်ခွင့် မရကြပါဘူး။
Comments