သတ္တုတွင်းဝန်ကြီးဌာန မှ The Voice Weekly ကို ပုဒ်မ ၅၀ဝ ဖြင့် တရားစွဲဆို ထားမှုတွင် သတင်းရေးသားသူ ကို ဖော်ထုတ်ပေးရန် တရားရုံးကို သတ္တုတွင်း ဝန်ကြီး ဌာန၏ တင်ပြ လျှောက်ထားမှု ပလပ် (ပယ်ချ) လိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်သည်။
အဆိုပါ အမှု၏ ပင်မ တရားစွဲဆိုမှု ဖြစ်သော ပုဒ်မ ၅၀ဝ အတွက် နှစ်ဖက် ရှေ့နေများ ဇွန်လ ၆ ရက်နေ့တွင် လျှောက်လဲ ရမည်ဖြစ်ကြောင်း တရားရုံးက ယနေ့ ဆုံးဖြတ်သည်။
ဒဂုံမြို့နယ် တရားရုံးတွင် မေလ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်ကပြုလုပ်ခဲ့ သော သတ္တုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် သတင်းရေးသားသူကို စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင် ရှေ့နေက တရားရုံး၌ လျှောက်လဲချက် ပေးခဲ့သည်။
ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ သတင်းနှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာThe Voice Weekly ၏ အကျိုးဆောင်ရှေ့နေက ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရားစွဲဆိုရမည် ဖြစ်ကြောင်း၊စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရင်းမြစ်နှင့် သတင်းရေးသားသူတို့ကို ဖော်ထုတ်ခွင့် မရှိကြောင်း၊ သမိုင်း အစဉ်အလာများ အရလည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် အိုးဝေဂျာနယ်တွင် 'ငရဲခွေးကြီးလွတ်နေပြီ' ဆောင်းပါးရေးသားသူအား တက္ကသိုလ်အာဏာပိုင် ဗြိတိသျှလူမျိုးတို့က ဖော်ထုတ်ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောဆိုရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ်အရ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့်တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ရာ ရန်ကုန်တက္ကသိုလ် ပထမကျောင်းသား သပိတ်ကြီး အစပြု ဖြစ်ပွားရာမှ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ကြောင်းတရားရုံး တရားခွင်၌ လျှောက်ထားခဲ့သည်။
ပြီးနောက် The Voice Weekly၏ရှေ့နေက ဆက်လက်၍ လျှောက်လဲချက်ပေးရာတွင် စာနယ်ဇင်း ကျင့်ဝတ် အမှတ်စဉ် ၅ တွင် ပါရှိသော 'သတင်းစာသမားတို့သည် မိမိကို ယုံကြည်၍ ထုတ်ဖော် ပြောဆိုလိုက်သော သတင်းရင်းမြစ်တို့၏လုံခြုံရေးကို အလေးထားသော အားဖြင့် အထူးသိပ်သည်း လျှို့ဝှက်ထားရမည်' ဆိုသည့်အချက်ဖြင့်လည်း ထပ်ဆင့် ရှင်းပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ 'နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေပိုင်ခွင့် ရှိကြောင်း လျှောက်လဲချက် ပေးခဲ့ကြောင်း အဆိုပါ တရားခွင်သို့ တက်ရောက် သတင်းယူခဲ့သူ အယ်ဒီတာတစ်ဦး ထံက သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာန၏ ရှေ့နေက ငွေကြေး အလွဲသုံးစား ပြုသည်ဆိုသော အရေးအသားသည် သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ သတင်းရေးသားသူမှာလည်း တာဝန်ရှိကြောင်း၊ သတင်းရေးသားသူ၏အမည်ကို The Voice Weekly အယ်ဒီတာချုပ်က သိနေပါလျက် တမင်သက်သက် ထိမ်ချန် ထားပါသဖြင့် ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း ယခင် တရားခွင်ကဲ့သို့ ပြန်လည် လျှောက်ထားခဲ့သည်။
Source here
Comments