ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်လည် ကျင်းပမယ့် နေပြည်တော်က လွှတ်တော် အစည်းအဝေးတွေမှာ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမတ်တွေ တက်နိုင်ဖို့အတွက် ကျမ်းသစ္စာကျိမ်ဆိုရတဲ့အခါ ပါဝင်တဲ့ စကားရပ်တစ်ခု ပြင်ဆင်ဖို့ NLD ဘက်ကနေ အခုချိန်ထိ အကြံပြုချက်တွေ တင်ပြီး ကြိုးပမ်းနေတုန်းပဲလို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဉီးဉာဏ်ဝင်းက ပြောပါတယ်။
ဒါကြောင့် လောလောဆယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် ရွေးကောက်ခံ လွှတ်တော် အမတ်တွေဟာ လာမယ့် တက်ရေး မတက်ရေး ယတိပြတ် ဆုံးဖြတ်ချက်မရှိသေးဘူးလို့ ပြောပါတယ်။
အန်အယ်လ်ဒီ အမတ်တွေ ကျမ်းကျိန်ကြရမယ့် စကားလုံး အသုံး အနှုန်းကို ပြင်ဆင်ရေးဟာ ဒီကြား၂ ရက်မှာ ဖြစ်နိုင်ခြေ သိပ်နည်းတဲ့အတွက် တနင်္လာနေ့ လွှတ်တော် အစည်း အဝေးကို တက်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ ပြောရမှာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဦးဉာဏ်ဝင်းဟာ NLD ကတင်ထားတဲ့ ကျမ်းသစ္စာပါ အသုံးအနှုန်း ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးရဲ့ ဖိတ်ခေါ်ချက်အရ နေပြည်တော်ကို မနေ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက သူတို့ရဲ့ အမြင်ကို ရှင်းပြခဲ့ကြောင်း၊ မိမိတို့အနေနဲ့ အသေးစိတ်ကို မပြောနိုင်ပေမယ့် သူတို့ရှင်းပြတဲ့ အချက်အားလုံးကို လက်မခံနိုင်တဲ့ အတွက် အာဏာပိုင်တွေကို ဆက်လက် မေတ္တာရပ်တင်ပြခံဖို့ စာကြမ်းရေးသားနေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ကျမ်းသစ္စာပါ အသုံးအနှုန်း ပြင်ဆင်ရေးကို ဘယ်သူက ဘယ်လို ပြင်ဆင်နိုင်သလဲဆိုတာနဲ့ ပတ်သက်လို့ NLD နဲ့ အာဏာပိုင်တွေကြား သဘောထား မကိုက်ညီသေးတဲ့အပေါ် ကြိုးစားနေဆဲ အဆင့်မှာ ရှိနေတာကြောင့် အသေးစိတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ကျမ်းသစ္စာကိစ္စဟာ ဥပဒေပြဌာန်းချက်မဟုတ်ပဲ ဥပဒေပြဌာန်းချက်ရဲ့ နောက်ဆက်တွဲ ဇယားပါ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
ကျမ်းသစ္စာပါ အသုံးအနှုန်း မပြင်မချင်း NLD အမတ်တွေ လွှတ်တော်တက်မှာ မဟုတ်ဘူးလို့ ဦးဉာဏ်ဝင်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ယှဉ်ပြိုင်ကြတဲ့ အမတ်နေရာ ၄၅ နေရာမှာ NLD ကနေ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။
create here
Comments